Tuesday, April 14, 2020

အာမခံကိုယ်စားလှယ် ဆိုသည်မှာ

သူရိန်ကျော်

မတ်လရဲ့ အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်ဖြစ်နေတဲ့ အချိန် မွန်းလွဲ ၁ နာရီကျော် လောက်မှာ ကိုကျော်ဇေယျ တစ်ယောက် ရန်ကု
န်မြို့လယ်မှာ လမ်းလျှောက် နေရတာပါ။
စွန်ရဲက သားကောင်ကိုရှာတဲ့ပုံစံမျိုး နဲ့ မျက်လုံးကိုရှင်ရှင်ထားပြီး ဘယ်နေရာကို ဝင်ရမလဲကြည့်နေပါတယ်။
သူ့မျက်လုံးထဲမှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဝင်လာပါတယ်။ ဆိုင်က သပ်သပ်ရပ်ရပ်နဲ့ နာမည်ကျော်လက်ဖက်ရည်ဆိုင်တစ်ဆိုင်လည်း ဖြစ်နေ ပါတယ်။ ဝမ်းသာအားရနဲ့ ဆိုင်ထဲကိုဝင်ဖို့ ပြင်ရပါတော့တယ်။

ဘေးလူတွေအမြင်မှာတော့ ပူပြင်းလှတဲ့ အပူချိန်ကို ကာကွယ် နိုင်ဖို့ ဆိုင်ဝင်ထိုင်တယ်လို့ယူဆနိုင်ပေမယ့် လက်တွေ့မှာတော့ မဟုတ်ပါဘူး။ အာမခံလုပ်ငန်းလုပ်နေသူ တစ်ယောက်အဖို့ အာမခံထားဖို့ မဲဆွယ်ရေးအတွက် ဆိုင်ထဲကို ခြေလှမ်းပြင် လိုက်ရတာပါ။

“အကိုကျွန်တော်က အာမခံလုပ်ငန်းလုပ်နေတဲ့ အကျိုးဆောင် တစ်ယောက်ပါ။ အကို့ဆိုင်မှာ အာမခံနဲ့ပတ်သက်ပြီး ကျွန်တော် ရှင်းပြချင်လို့ပါ ဒီဆိုင်မှာ မီးဘေးအန္တရာယ်သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီးအာမခံထားဖို့ စိတ်ဝင်စားလားလို့” ဆိုတဲ့စကားကို ကျော်ဇေယျပြောလိုက် ချိန်မှာဆိုင်ရှင်က အံ့သြ တကြီးနဲ့ ကြည့်ခြင်းကိုခံလိုက်ရပါတယ်။

ဆိုင်ရှင်က “မင်းကလဲကွာ မဦးမချွတ် ငါဆိုင်လာပြီး ဘာတွေ လာပြောနေတာလဲဆိုပြီး” အပြောခံ လိုက်ရပါတယ်။ ဒီဖြစ်ရပ် က မြန်မာနိုင်ငံမှာ ထွန်းကားလာမှုမရှိသေးတဲ့ အာမခံစနစ်ရဲ့ အကြောင်းခြင်းရာတစ်ခုကို ဖော်ပြနေတာပါ။

ယခင်က မြန်မာ့အာမခံလုပ်ငန်းတစ်ခုတည်းသာ ရှိနေသေးတာကနေ ၂ဝ၁၂ ခုနှစ်က စပြီးတော့ ပုဂ္ဂလိက အာမခံ လုပ်ငန်းတွေ ထွန်းကားလာပါတယ်။ ၂ဝ၁၂ ခုနှစ် ဇွန်လမှ ပုဂ္ဂလိကအာမခံလုပ်ငန်း ၁၂ ခုကိုခွင့်ပြုပေးခဲ့တာဖြစ်ပြီး တော့ အာမခံအမျိုးအစား ၂၉ မျိုးလုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ အာမခံလုပ်ငန်းအများစုကတော့ အသက်အာမခံနဲ့ အထွေထွေအာမခံ ကိုသာ အဓိကထားပြီး လုပ်နေတယ်လို့ ဆိုပါတယ်။ အာမခံကိုယ်စားလှယ်တစ်ယောက်အတွက် အခက်ခဲဆုံး ရင်ဆိုင်ရတာက အာမခံထားရင်ပိုက်ဆံတွေအလကားပေးနေမှာပေါ့ဆိုတဲ့ သုံးစွဲသူတွေရဲ့ အတွေးတွေပါ။

အခုလဲ အားကြိုးမာန်တက်နဲ့ အာမခံမဲဆွယ်ဖို့ ဝင်သွားတဲ့ ကိုကျော်ဇေယျတစ်ယောက်တည်း ဆိုင်ရှင်ရဲ့အာမခံထားရင် ငါ့ပိုက်ဆံတွေကုန်နေမှာပေါ့ဆိုတာနဲ့ ကြုံတွေ့လိုက်ရတာပါပဲ။ေ နာက်တစ်ချက် ရင်ဆိုင်ရတဲ့ အခက်အခဲက အာမခံ ပွဲစားတွေပါ။ အာမခံကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ကြုံတွေ့ရသူတွေအဖို့ အာမခံအပြည့်အဝ ထားရှိနိုင်ပေမယ့် ပွဲစားဆိုတဲ့သူတွေနဲ့ ကြုံရင်တော့ အာမခံထားမယ့် သူတွေကို သူက ပွဲခအဖြစ်တောင်းပြီးမှ အာမခံကုမ္ပဏီမှာ အာမခံပေးတာပါ။

“ကျွန်တော်ဆို အာမခံဆိုတဲ့စကားပြော လိုက်တာနဲ့ ဟိုဘက်လူက ငါပွဲခလဲမပေးဘူး။ အာမခံလဲမထားဘူး ဆိုပြီးတန်းပြောတာ။ မနည်းရှင်းပြခဲ့ရ တဲ့ အခေါက်တွေ အများကြီးပဲ” လို့ အာမခံကိုယ်စားလှယ်အဖြစ်နဲ့လုပ်သက် ၃ နှစ်ရှိပြီဖြစ်တဲ့ ကိုအောင်လေးကပြောပါတယ်။
“အာမခံထားမယ့်လူတွေက အာမခံကိုယ်စားလှယ်နဲ့ အာ
မခံပွဲစားကိုမှားတာ တွေရှိတယ်။ အာမခံကိုယ်စားလှယ်က အာမခံထားဖို့လာပြောတယ်။ အာမခံထားမယ့်သူကလဲ အာ မခံထားမယ်ဆိုရင် လာပြောတဲ့သူကို ငွေကြေးတစ်စုံတစ်ရာပေးစရာမလိုဘူး။ ပွဲစားဆိုတာက အာမခံထားမယ့်သူ ကို ငွေကြေးဘယ်ရွေ့ ဘယ်မျှနဲ့ပြီးအောင်လုပ်ပေးမယ် ပိုလျှံတာသူ့အတွက်ပဲ ဆိုတဲ့လူမျိုးကိုပြောတာ၊ ကိုယ်စား လှယ် ကတော့အာမခံထားတဲ့ သူက ကိုယ်ထားမယ့်အာမခံ လုပ်ငန်း ကပေးတဲ့ ကော်မရှင်ခကိုပဲရတဲ့သူတွေ။ တချို့အာမခံထား မယ့်လူတွေက အာမခံထားမယ်ဆိုရင် ငါကမင်းကို ဘယ် လောက်ပေးရမလဲဆိုတာမေးကြတယ်” လို့  အာမခံ လုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုကျော်ဇေယျက ပြောပါသေး တယ်။

တကယ်တော့ ကိုယ်စားလှယ်ဆိုတာ အာမခံဝန်ဆောင်မှု တွေကို စားသုံးသူ (အာမခံရယူသူ)တွေကို ရောင်းချဖို့ အာမခံ ဝန်ဆောင်မှုတွေ ဖြန့်ဖြူး ရောင်းချရေး ဆိုင်ရာလမ်းကြောင်း ဒါမှမဟုတ် ကြားခံသူပုဂ္ဂိုလ်ဖြစ်ပါတယ်။ အာမခံပွဲစားဆိုတာက အာမခံသူဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ အမှုအပ်သူ ဖြစ်ပြီး ကိုယ်စားလှယ်က အာမခံကုမ္ပဏီတွေရဲ့ ကိုယ်စား ရပ်တည် ဆောင်ရွက်ပေးရသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်းလုပ်ကိုင်လာတာနှစ်ပေါင်း၆ဝ ကျော်ရှိနေပေမယ့် လက်ရှိအာမခံလုပ်ငန်းကို ပုဂ္ဂလိကကိုလုပ်ကိုင်ခွင့်ပြုခဲ့တာ ဆယ်စုနှစ်သက်တမ်း မပြည့်သေးပါဘူး။ လော ကကြီးမှာ အန္တရာယ်ဆိုတာက ဘယ်အချိန်ကြုံလာမလဲဆိုတာ ဘယ်သူမှကြိုမမြင်နိုင်ပါဘူး။ အန္တရာယ်ဖြစ် သွားပြီဆိုရင် ဘာမှ မလုပ်နိုင်တော့ပါဘူး။ အာမခံထားထားမယ်ဆိုရင်တော့ ကိုယ်ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေကိုလေးဆ
လောက်အထိပြန်ရနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့အာမခံလုပ်ငန်းမှာ အများဆုံးထားရှိတဲ့ အာမခံအမျိုးအစားက မီး အာမခံ အမျိုးအစားလို့ သိရပါတယ်။ ပုဂ္ဂလိကအာမခံ လုပ်ငန်းတွေထဲမှာ တော့ အများဆုံးထားတဲ့ အာမခံအမျိုး အစားက မော်တော်ယာဉ်အာမခံပါ။ ပုဂ္ဂလိကအာမခံလုပ်ငန်းတွေရဲ့ လျော်ကြေးပေးရမှု ၇ဝ ရာခိုင်နှုန်းအထိ ကလည်း မော်တော်ယာဉ် အာမခံ အမျိုးအစားပါ။

အာမခံလုပ်ငန်းရဲ့ နယ်ပယ်မှာ ကိုရဲကျော်ဌေးတို့လို အာမခံကိုယ်စားလှယ် ဆိုတာက လုပ်ငန်း ကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ အာမခံလုပ်ငန်းဈေးကွက် ဖွဲ့စည်းတည်ရှိမှုအရ အာမခံဈေးကွက်မှာ အာမခံ လက် ခံသူ/ရောင်းချသူ၊ အာမခံကုမ္ပဏီ၊ အာမခံထားသူ (Insured) နဲ့ Intermediaries (ကြားလူ) ဆိုတဲ့အတန်းအစား(၃)မျိုး ရှိ ပါတယ်။

အာမခံရောင်းချသူတွေမှာ အာမခံကုမ္ပဏီနဲ့ ထပ်ဆင့် အာမခံ ကုမ္ပဏီ တွေပါဝင်တယ်။ ဝယ်ယူသူတွေထဲမှာ လူတစ်ဦးချင်း၊ စီးပွားရေးလုပ်ငန်းနဲ့ အစိုးရဌာနတို့ကဝယ်ယူသူတွေ ဖြစ်ပါတယ်။ အာမခံလက်ခံသူဖြစ်တဲ့ အာမခံကုမ္ပဏီတွေ ကိုယ်တိုင်ကလည်းတစ်ဆင့် အာမခံကုမ္ပဏီတွေဆီက အာမခံ အကာအကွယ် ပြန်ဝယ်ကြတာကြောင့် သူတို့ဟာ ဝယ်ယူသူ တွေလည်း ဖြစ်ကြပြန်တယ်။

ကြားလူတွေထဲမှာအာမခံကိုယ်စားလှယ်၊ အာမခံပွဲစား၊ ထပ်ဆင့်အာမခံပွဲစား တို့ ပါဝင်ပါတယ်။ ကိုယ်စားလှယ်တွေထဲမှ (၁)တစ်ဦးချင်း အာမခံကိုယ်စား လှယ် (Individual Agent) (၂) အာမခံ ကိုယ်စားလှယ် အစု/လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ် (Corporate Agent) ဆိုပြီး ရှိပါတယ်။

တချို့နိုင်ငံတွေမှာတော့ (၃) Trade Specific Agent ကုန်သွယ်မှုဆိုင်ရာ သီးခြားကိုယ်စားလှယ် ဆိုတာမျိုးလည်း ရှိပါတယ်။ သူတို့ဟာ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အာမခံအမျိုးအစား တစ်မျိုးကိုသာ ရောင်းပါတယ်။ (ဥပမာ-ခရီးသွားအာမခံကို ရောင်းချတဲ့ ခရီးသွားကုမ္ပဏီတွေ) သူတို့ရဲ့ပင်မလုပ်ငန်းဟာ အာမခံကိုယ်စားလှယ် လုပ်ငန်း မဟုတ်ဘဲ သူတို့မှာ အခြားပင်မလုပ်ငန်းကြီးတွေရှိပြီး အာမခံ ကိုယ်စားလှယ်လုပ်ငန်းဟာ ဆက်စပ် လုပ်ငန်းတစ်ခု သက် သက်ပါပဲ။

ကိုယ်စားလှယ်ဆိုတာ ကိုယ်စားလှယ်လုပ်ငန်း သဘောတူညီ ချက် (Agency Agreement) အရတစ်စုံတစ်ဦး (Principle) ရဲ့ကိုယ်စားလုပ်ငန်း ဆောင်ရွက်ပိုင်ခွင့်ရှိသူ ဖြစ်ပါတယ်။ေ ယဘူယ် အားဖြင့်တော့ အာမခံကိုယ်စားလှယ်ရဲ့ လုပ်ငန်းက Principal လို့ခေါ်တဲ့ အာမခံကုမ္ပဏီနဲ့ Third Party လို့ခေါ်တဲ့ အာမခံထားသူ Insured ၂ ဦးကို အာမခံပဍိညာဉ်စာချုပ် ချုပ်ဆိုပြီးမြောက်နိုင်ရန် ဆောင်ရွက်ပေးသူ ဖြစ်ပါတယ်။

ဥပဒေအရ ကိုယ်စားလှယ်ဟာ အာမခံလက်ခံသူ (Principal)ကို ကိုယ်စားပြုပြီး တတိယလူနဲ့ ဆက်သွယ်အလုပ် လုပ်ပါတယ်။ ဒါကြောင့်ကိုယ်စားလှယ်ဟာ အာမခံ လက် ခံသူရဲ့အကျိုးစီးပွားအတွက် အာမခံလက်ခံသူက ပေးထား သောညွှန်ကြားချက်နှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရပါ တယ်။

အာမခံကိုယ်စားလှယ်တွေ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတဲ့ မေးခွန်းကိုတော့ကိုရဲကျော်ဌေးက အခုလိုပြောပြ ပါတယ်။ “ကိုယ့်ကိုဆက်သွယ်လို့ရမယ့် လိပ်စာ ဖုန်းနံပါတ်တွေ ပေးခဲ့ တာကစတာပဲ လို့ဆိုပါတယ်၊ အာမခံထားချင်တဲ့သူတွေ အနေနဲ့ ကတော့ ပြန်လည်ဆက်သွယ်ကြပါတယ်။ ပြန် ဆက်သွယ်တယ်ဆိုတာကလဲအနည်းစုပါ။ အာမခံကိုယ်စားလှယ်အလုပ်ကလဲ လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်
ပါဘူး။

 အာမခံလောကမှာ တချို့အလွဲလေး တွေရှိနေ သေးတာကိုလဲ တွေ့ရပါတယ်။ အဲဒါကတော့ လက်ရှိခေတ်ကာလကြောင့်လို့ဆိုရမှာပါ။ မော်တော်ယာဉ်အာမခံထား ရှိသူတွေက သူတို့ရဲ့ မော်တော်ယာဉ် လုံးဝပျက်စီးသွားတဲ့ အခါမျိုးမှာ အာမခံကရရှိတဲ့ လျော်ကြေးထက် ယာဉ်အို ယာဉ်ဟောင်း(တိုက်ကြေ)အပ် လိုက် လို့ ထွက်လာတဲ့စလစ်က ဈေးပိုရနေတဲ့အခါမှာ လျော်ကြေးမယူတော့ဘဲ ကားစလစ် လုပ်လိုက် တာတွေ ရှိတယ်လို့သိရပါတယ်။

“ဟိုတလောက တိုက်ကြေအပ်လို့ရတာရှိတယ်။ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ထားတယ် သူ့ကားကို သိန်း ၈ဝ နဲ့ အာမခံထားထာတာ။ သူ့ကားက ချောက်ထဲပြုတ် ကျထားတော့ကား တစ်စီးလုံးပျက်စီးသွားတယ်။ သူထားတဲ့ အာမခံေ ပ်ါလစီအရသူထားတဲ့အာမခံ သိန်း ၈ဝ အတိုင်း ပြန်ယူမလား သူ့ကားအမျိုးအစားအတိုင်းကို ပြန်ဝယ်ပေးရမလားဆိုတဲ့ ပုံစံ မျိုးရှိတယ်။ အာမခံကုမ္ပဏီက လျော်ပေးတယ်။
ဒါပေမယ့်သူက စီပွားရေးသမားဆိုတော့ပြန်စဉ်းစားတာက အပြင်မှာ တိုက်ကြေအပ်လိုက်ရင် သိန်း ၁ဝဝ ကျော်နေပြီ၊ အဲဒီတော့ ငါဘာလုပ်ရမလဲ ဆိုပြီး မေးတယ်၊ သူကစီးပွားရေး သမားဆိုတော့တွက်ပြတယ် သူကားအဟောင်းမပေးဘဲနဲ့ လျော်ကြေးတောင်းလို့မရဘူးလားတဲ့။ လျော်ကြေး လိုချင်ရင်တော့ မင်းကားနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း တွေ ပါအပ်လိုက်ရမယ်လို့ပြောတော့ သူကလျော်ကြေး မတောင်း
တော့ဘဲနဲ့ တိုက်ကြေကား ကို အပ်လိုက်ရင် အာမခံကုမ္ပဏီက လျော်တာထက် သိန်း ၂ဝ လောက်ပိုရမယ်ဆိုပြီးလျော်ကြေးမတောင်းတာတွေရှိတယ် အမှန်တော့ ဒါက ခေတ် ကာလပေါ်လစီအရ ဒါမျိုးတွေလဲကြုံတွေ့ရတယ်” လို့ကိုရဲကျော်ဌေး ကပြောပါတယ်။

 လူတချို့ရဲ့ အယူအဆ ကအာမခံထားရှိတယ်ဆိုတာ ပိုက်ဆံရှိတဲ့လူတန်းစား အတွက်သာ ဖြစ်တယ်ဆိုတဲ့ အတွေးမျိုးတွေလဲရှိ တယ်လို့ အာမခံလုပ်တဲ့ သူတွေက ပြောပါတယ်။ဒါ့အပြင် အစွဲအလမ်းကြီးတတ်တဲ့ လူမျိုးတွေဖြစ်လို့ ကြိုတင်ပြီး မကောင်းတဲ့ နမိတ်လာဖတ်တာလားဆိုတဲ့ အယူ သီးမှုတွေကြောင့် အာမခံလုပ်ငန်း မတွင်ကျယ်နိုင်သေး တာပါ။ ဒါပေမဲ့လည်း အာမခံကိုယ်စားလှယ်တွေကတော့ အာမခံစနစ်ထွန်းကားလာမယ့်အချိန်အတွက် ကြိုးစားနေကြဆဲပါ။

အချို့ အာမခံလုပ်နေတဲ့သူတွေကတော့ လက်တွေ့ သူတို့ အာမခံလုပ်နေကြတယ်ဆိုတာ ဝင်ငွေဆိုတာထက် ဝါသနာအရလုပ်နေတဲ့ သူတို့တွေ ဖြေဆိုထားတာ တွေ့ရ ပါတယ်။ အာမခံကိုယ်စားလှယ် တချို့ကတော့ အလှူမလုပ်တတ်ရင် အာမခံထားဆိုတဲ့ လက်သုံးစကား ရှိတယ်လို့ပြောပါတယ်။

“တကယ်တော့ အာမခံထားတယ် ဆိုတာကလဲ ကုသိုလ်တစ်မျိုးပဲဆိုတာ အာမခံထားကြည့်ရင်သိမှာပါ၊ ဘာကြောင့်လဲ ဆိုတော့ကိုယ်က ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုမဆုံးရှုံးစေချင်လို့ အာမခံထားတာပါ။ ဒါပေမဲ့ ကိုယ်အာမခံထားတဲ့သက်တမ်းမှာ ကိုယ်ကဘာမှ ထိခိုက်မှုမရှိပေမယ့် အခြားအာမခံထားတဲ့ သူတစ်ဦးတစ်ယောက်က ထိခိုက်လို့ လျော်ပေးခဲ့ရရင် ကိုယ်ကလည်းသူတို့အတွက်အလှူပြုတယ်လို့ သတ်မှတ်လိုက်
ရင်တော့ ကိုယ်ကအာမခံလဲထားခွင့်ရသလို အခြားလူတစ်ယောက်အတွက်လည်း ကုသိုလ်ပြုခွင့်ရ  တယ် ဆိုရင်တော့ အာမခံကမဖြစ်မနေ ထားသင့်ပါတယ်လို့ထင်မိပါတယ်”လို့ အာမခံကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ကိုမျိုးထက်ကျော် ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေအချိုးအစားနဲ့ တွက်ကြည့်မယ်ဆိုရင် အာမခံထားရှိမှုနှုန်းအလွန် နည်းပါးနေသေးတယ်လို့လည်း မြန်မာ့အာမခံ လုပ်ငန်းက သိရပါတယ်။ နောက်တစ်ချက် ကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံမှာ အာမခံထားတဲ့သူတွေ အများစုက ပြည်ပကလာရောက် ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်တယ်လို့လဲ ဆိုထားပါတယ်။

ယခုအချိန်ထိတော့ အာမခံဆိုတဲ့ သဘောသဘာဝကို နားမလည်သေးတဲ့ မြန်မာနိုင်ငံမှာတော့ အာမခံထားမယ့်သူ ရှာရတာဟာ အာမခံကိုယ်စားလှယ်တွေအတွက်တော့ အခက်ခဲဆုံး အပိုင်းဖြစ်နေပါသေးတယ်။

No comments:

Post a Comment